ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) မြို့နယ်အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) မြို့နယ်အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစုငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်စသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လှိုင်းတာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ခေတ်မီစံပြကျေးရွာကို လှိုင်းတာကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)