နတ်တလင်း စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး ပုံစံ - ၁ မဲစာရင်းများ ဖြန့်ဝေခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်မှ ၃၀.၉.၂၀၂၅ရက်နေ့မှစတင်၍ ပုံစံ -၁မဲစာရင်းများ ကပ်ထားရမည်ဖြစ်ကြောင်း မဲစာရင်းလာရောက်ကြည့်ရှုသည့် ဒေသခံပြည်သူများအား မိမိတို့နာမည်မပါရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြန်လည်ပြောကြားစေလိုကြောင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးမှ ၃၀.၉. ၂၀၂၅ ရက်နေ့မှ ၁၃.၁၀.၂၀၂၅ ရက်နေ့အထိ မဲစာရင်းများကို ၁၄ ရက်တိတိ ကပ်ထားပေးမည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်မေလမင်းထွန်းမှ မဲစာရင်းပုံစံများအား ရှင်းလင်းပြောကြားပြီး ပုံစံ - ၁ မဲစာရင်းများအား သက်ဆိုင်ရာ မဲရုံများအလိုက် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)