နတ်မောက် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ၊ ပင်းကန်နှင့် ကျောက်တံခါး လက်ဝဲမြောင်းတို့မှ စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နတ်မောက်ရေလှောင်တမံ၏ ရေအမှတ် (၆၇၇.၂)ပေ ဖြစ်ပြီး ရေလှောင်ပမာဏမှာ (၈၀၀၇၁)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိရန် (၅.၈)ပေဖြစ်ရာ၊ ပင်းကန် ရေလှောင်တမံရေအမှတ်(၉၂.၈)ပေဖြစ်ပြီး ၊ ရေလှောင်ပမာဏမှာ (၇၂၀)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၀.၇၅) ပေ ဖြစ်သည်။
စက်တင်ဘာ ၂၈ ရက်နေ့က ရာဂါဆာမုန်တိုင်း မိုးရွာသွန်းမှုကြောင့် နတ်မောက်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ နတ်မောက်ယင်းချောင်းအတွင်း ရေပမာဏများစွာ စီးဆင်းလျက်ရှိပြီး၊ နတ်မောက်ယင်းချောင်းတွင် တည်ဆောက်ထားသော နတ်မောက်ရေလှောင်တမံမှာ မိုးရေချိန် (၁.၆၅)လက်မ ရွာသွန်းခြင်းကြောင့် ကန်ရေပြည့်အမှတ်သို့ ရေရောက်ရှိရန် (၅.၈) ပေ ရှိ၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု မရှိခဲ့သည့်အပြင် နတ်မောက်ရေလှောင်တမံ၊ နတ်မောက် ရေလွှဲဆည်နှင့် ပင်းကန်တို့မှာ ကြံ့ခိုင်ကောင်းမွန်ပြီး တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်ကြောင်း နတ်မောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိထံ မှသိရသည်။
လှဝင်း