ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၊ ဟင်္သာခန်းမ၌ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ လေးများက “ပညာ့ဗိမ္မာန်” တေးသီချင်းနှင့် ပညာရည်ချွန်ဆုနှင်းသဘင် တေးသီချင်းတို့ကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းယုမော်က ဂုဏ်ပြုချီးမြှင့် အမှာစကားပြောကြားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းအဆင့်၊ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ဆုရရှိခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် (၆)ဘာသာ၊ (၅)ဘာသာ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာနှင့် (၁)ဘာသာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်နှင့်မြို့နယ် ပညာရေးဌာန တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယနေ့အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဟင်္သာတမြို့နယ်အတွင်းမှ (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၃၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ (၇၄)ဦး၊ စုစုပေါင်းကျောင်းသား/သူ (၁၂၄)ဦး၊ တို့အား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်စန်းယုမော်၊ ဟင်္သာတခရိုင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် ပညာရေးဌာန ဝန်ထမ်းများ၊ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား /သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)