ပေါက်ခေါင်းမြို့၌ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

ပေါက်ခေါင်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းသည် မြို့နယ်၏ မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ်(၃)ရပ်ကွက်တွင် တည်ရှိသောကြောင့် မိုးတွင်းကာလမိုးအဆက်မပြတ်ရွာသောအခါ၌ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်၍ ရပ်ကွက်နေပြည်သူများ သွားလာရန်အခက်အခဲရှိသောကြောင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကြားဖြတ်(၃)လမ်းတွင် အရှည်(၈၈၀)ပေ၊ အကျယ် (၁၂)ပေ ၉ လက်မခန့်ရှိသော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို သြဂုတ်လကုန်ပိုင်းမှ စတင်ခဲ့ရာ လုပ်ငန်းပိုင်းအရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီးရန် စီမံဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင်(၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

ကွန်ကရစ်လမ်းပြင်ဆင်ဖောက်လုပ်ပြီးစီးသွားပါက ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားလူငယ်များအနေဖြင့် မိုးတွင်းကာလ၌ပင် သွားလာရန်အတွက် အဆင်ပြေစေမည်ဖြစ်၍ ရာနှုန်းပြည့်ဖောက်လုပ်ပြီးစီးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)