တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်   စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနာကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုလျော့ နည်းလာစေရန်၊ ဘေးဒဏ်ခံနိုင် ရည်ရှိသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များကို ထိရောက်မြန်ဆန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်စေရန်၊ ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ရန်ပြည်သူလူထုအပါအဝင်အစိုးရဌာန၊ အဖွဲ့အစည်းများ၊အစိုးရမဟုတ်သော  အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများ၊  ပရဟိတအဖွဲ့အစည်းများပူးပေါင်းပါဝင်၍ တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး ခေတ်မီနည်းစနစ်များအသုံးပြုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် လာမည့်ပျက်စီးဆုံးရှုံးမှုများကို အဟန့်အတား မဖြစ်စေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကိုတားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှုများကို လျော့နည်းအောင်၊ ဘေးဒဏ်ကို ရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းဖြစ်အောင်၊ အတူတကွလက်တွဲဆောင်ရွက်မှသာ ထိရောက်အောင်မြင်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် သင်တန်းသားသင်တန်းသူများအနေဖြင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင်စွမ်းဆောင်ရည်များ တိုးတက်လာမှာဖြစ်သည့်အပြင် ဘေးကင်းလုံခြုံမှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကို ထူထောင်နိုင်ကြမှာဖြစ်ကြောင်း သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရန်အတွက် မိမိတို့၏ လုပ်ငန်းနယ်ပယ်နှင့် ပေါင်းစပ်၍ ဌာနများကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာရပါကလည်း ထိရောက် လျှင်မြန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့်အရည်အသွေးပြည့်ဝသော သင်တန်းသားသင်တန်းသူများဖြစ်စေရန်အတွက် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူလေ့လာပြီးပြည်သူများအကြား ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ်ကိုယ်စီဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများတို့က သင်တန်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက် ဆုံးရှုံးမှုများလျော့နည်းစေရန်၊ သဘာဝဘေးအန္တရာယ်များအား စနစ်တကျ ထိရောက်မြန်ဆန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပြည်သူလူထုနှင့် အခြားအင်အားစုများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ခိုင်မာသောလူမှုအဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာပြီး ပြည်သူများအတွက် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ရန် စသည့်စီမံချက်ပါ ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ယခုသဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား အောက်တိုဘာ ၁ ရက်နေ့အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)