မုံရွာ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြီး မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျောက္ကာလမ်းနှင့် ချမ်းမြဝတီရပ်ကွက်၊ မြဝတီရပ်ကွက်တို့ရှိ ရေနှုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာစုစုပေါင်း(၇)နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မုံရွာမြို့ ကျောက္ကာလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများနှစ်စဥ် ဖြစ်ပွားခဲ့မှုနှင့်စပ်လျဥ်ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်သူများ အဆင်ပြေချောမွေ့စေရန် အလေးထားပြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်အတွင်း မုံရွာတက္ကသိုလ်အနောက်ပေါက်ရှိ ရေမြောင်း၊ ဓမ္မရံသီကျောင်းအနီးရှိ မြဝတီတံတားရေမြောင်း၊ မုံရွာတက္ကသိုလ်မြောက်ဘက်တွင် အဓိကရေမြောင်းတူးဖော်မည့်နေရာ၊ သာစည်လမ်းဘေးရှိ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်းအနီး တံတားရေမြောင်းနှင့် မြဝတီရပ်ကွက်အတွင်း အောင်မဟာလမ်းမှ ညောင်ကိုင်းအင်းသို့ ရေထွက်မြောင်း၊ ကန်ဦးကျောင်းနှင့် MYTEL ဘေးရှိ ပင်မရေးမြောင်းတို့အား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျပြန်လည်တူးဖော်သွာမည်ဖြစ်ကြောင်းနှင့် ရေစီးဆင်းအောင်ရေထွက်ပေါက်များ ပြုလုပ်ခြင်း၊ ရေမြောင်းဆယ်ခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျဉ်းနေသော တိမ်နေသော Box Culvertများ ပြုပြင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)