ရွှေကျင်မြို့နယ် မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရွှေကျင် စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ ရွှေကျင်မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၈) နာရီအချိန်က ရွှေကျင်မြို့၊ မကျည်းတန်းရပ်ကွက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူလှိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မူလတန်းကြို ကျောင်းသား/ကျောင်းသူ ကလေးသူငယ်(၁၀၀)ဦးတို့၏ ဉာဏစွမ်းရည်ဖြစ်သည့် သီချင်းဆိုပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ‌လေးများအား ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူလှိုင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရွှေကျင်မူလတန်းကြို ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူမိဘများ၊ မူကြိုကျောင်းသား/ကျောင်းသူကလေးသူငယ်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)