ကျွန်းစုမြို့ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမီးငယ်လေးများက “ဗမာမလေးပါရှင်” သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 

ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူလတန်းကြိုကျောင်းမှ သားငယ်လေးများနှင့် သမီးငယ်လေးများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၏ မိသားစုဝင်များက ကြည့်ရှုအား‌ပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲဝင်သားငယ်လေးများနှင့် သမီးငယ်လေးများအား မြို့နယ်လူမှုဝန်ထမ်းရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်သီနွဲ့နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)