ပွင့်ဖြူမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲ ၃၁၉၂ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၃၁၉၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၃၁၉၂ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ စားတော်ပဲစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်စိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရန်အတွက် မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ စားတော်ပဲ ၃၁၉၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ စားတော်ပဲစိုက်ပျိုးမှုအနေနဲ့ လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ တောင်သူတွေကိုလဲ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းတဲ့ မျိုးတွေ ရွေးချယ်စိုက်ပျိုးကြဖို့၊ မြေဩဇာနဲ့ သွင်းအားစုတွေ စနစ်တကျ သုံးစွဲကြဖို့၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲကြဖို့နဲ့ GAP နည်းစနစ်ဖြင့် စိုက်ပျိုးကြဖို့ကိုလဲ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းမျိုးများရရှိရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စားတော်ပဲကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စားတော်ပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)