ပေါင်းတည် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးရာသီစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်း မျိုးသန့် အထွက်ကောင်း ရက် ၁၂၀ အောင်နိုင်တိုးစပါးများကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် စိုက်ပျိုးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ အစေ့ချကိရိယာ(Drum Seeder)များဖြင့်လည်းကောင်း၊ ကောက်စိုက်စက်များဖြင့်လည်းကောင်း မြို့နယ်အတွင်း သုံးသီးစိုက် စိုက်ပျိုးမြေဧရိယာများတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စုအတွင်းရှိ သုံးသီးစိုက် စိုက်ပျိုးမြေများရှိ အောင်နိုင်တိုးစပါးစိုက်ခင်းများမှာ သက်တမ်း ၁၀၅ ရက်ခန့်ရှိနေကြပြီး နို့ရည်တည်လျက်ရှိကာ ထိုစပါးများကို လာမည့် အောက်တိုဘာ လဆန်းရက်များအတွင်း ရိတ်သိမ်းခြွေလှေ့ကြရမည်ဟု တောင်သူဦးမျိုးအောင်ထံမှ သိရှိရသည်။
၂၀၂၅ခုနှစ်၊ ယခု မိုးစပါးရာသီတွင်၊ ပေါင်းတည်မြို့နယ်၌ မိုးစပါး စုစုပေါင်း ၇၃၅၁၄ ဧကစိုက်ပျိုးထားခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ယခုလ နောက်ဆုံးပတ် ရက်များတွင် သက်လျင်စပါးများကို တောင်သူများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ အောင်နိုင်တိုးစပါးများမှာလည်း ဖြစ်ထွန်းအောင်မြင်လျက် မကြာမီ အောင်မြင်စွာ ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရရှိရသည်။
ရွှေသား(ပြန်/ဆက်)