ပေါင်းတည် စက်တင်ဘာ ၂၉
ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန် လက်တွဲပေးဟူသော စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများကို ကွင်းဆင်းလှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)၌ မြို့ပေါ် အ-ထ-က ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သင်းသင်းခိုင်က ခွေးရူးရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ထို့အပြင် ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ရုံးဝန်ထမ်းများနှင့်အတူ ရပ်ရွာများအတွင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကာ ဘုန်းတော်ကြီးကျောင်းများရှိ ခွေးများ၊စာသင်ကျောင်းများနှင့် ဈေးများဝန်းကျင်ရှိ ခွေးများ၊ရပ်ရွာအတွင်း နေအိမ်များရှိခွေးများကို အခမဲ့ခွေးရူးကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ရွှေသား(ပြန်/ဆက်)