ကော့ကရိတ်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်‌ ခွေး၊ ကြောင်များကို ကာကွယ်‌ဆေးထိုးနှံပေးခြင်းပြုလုပ်

ကော့ကရိတ် စက်တင်ဘာ ၂၉

(၁၉)ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး ဦးအောင်ထက်ဖြိုးက ခွေးရူးရောဂါလက္ခဏာများ၊ ဖြစ်ပေါ်လာတတ်သည့် ဇစ်မြစ် အကြောင်းအရာများ၊ ခွေးရူးရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ကြိုတင်တားဆီးရမည့် နည်းလမ်းများကို ဗဟုသုတကြွယ်ဝစေရေးအတွက် ဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ခွေးရူးရောဂါပပျောက်ကင်းဝေးစေရေးအတွက် ကော့ကရိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးနှင့်ကြောင်များကို ခွေးရူး‌ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)