ကန့်ဘလူ စက်တင်ဘာ ၂၈
၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်များ၌ ဆောင်းသီးနှံစုံ ၄၀၉၆၇၇ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။
“ကျွန်မတို့ခရိုင်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေက အခုနောက်ပိုင်းမှာ စျေးကွက်ဝင်နိုင်တဲ့ သီးနှံတွေကို ရွေးချယ်စိုက်ပျိုးလာကြတာကို တွေ့ရပါတယ်။ ဒီသီးနှံတွေကလည်း ရေလိုအပ် ချက်နည်းတဲ့သီးနှံတွေဖြစ်ပါတယ်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အားကောင်းတော့ ပိုလျှံတဲ့သီးနှံတွေကိုလည်း အခြားတိုင်းဒေသကြီး၊ နိုင်ငံခြားပို့နိုင်တဲ့အထိ စိုက်ပျိုးထုတ်လုပ်မှုတွေ ရှိပါတယ်”ဟု ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြိုင်က ပြောသည်။
ကန့်ဘလူခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၂၁၀၅၀ ဧက၊ ပဲမျိုးစုံပေါင်း ၁၁၆၉၃၀ ဧက၊ ဆီထွက်သီးနှံပေါင်း ၂၃၇၀၇၆ ဧက၊ ကြံသီးနှံပေါင်း ၇၉၇၆ ဧက၊ စားဖိုဆောင်သီးနှံ ၂၃၅ ဧက၊ အခြားသီးနှံပေါင်း ၂၄၉၄၂ ဧကနှင့် နှစ်ရှည်ပင်ပေါင်း ၁၄၆၈ဧကကို စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။
အောင်ဝင်းငြိမ်း