ပွင့်ဖြူ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဦးစွာပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမျိုးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်တဉ္ဇာစိုးတို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာနေရာများတွင် အသိပေးကပ်ထားကြေညာထားရှိမည့် အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးလုပ်ငန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးရာတွင် တိကျမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)