ကြံခင်း စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ၍ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြံခင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှိုင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အသီးသီးမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က မဲစာရင်းများ ထုတ်ပြန်ကြေညာမည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများအား မဲဆန္ဒကြေညာခြင်း၊ စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များထုတ်ပြန်ခြင်း၊ မဲစာရင်းကြေညာပြီး ပြင်ဆင်ဖြည့်စွက်ရမည့်လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိက ပြန်လည်ဖြေကြားခဲ့သည်။ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပထမအကြိမ် မဲစာရင်းထုတ်ပြန်နိုင်ရေး ရပ်ကွက်/ကျေးရွာအုပ် ၃၅ စုရှိ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများအား ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဖြိုးဝေလင်း (ကြံခင်း- ပြန်/ဆက်)