မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲ တက်ရောက်

တောင်တွင်းကြီး စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စက်တင်ဘာလ ၂၆ ရက်နေ့က တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ‌ ကုက္ကိုခွကျေးရွာ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကုက္ကိုခွကျေးရွာရှိ တောင်သူများက ကုက္ကိုခွအနောက်ရွာ ရွာလယ်လမ်းမကြီးသည် ၂၇၀၀ ပေရှိသည့်အနက် ၁၂၀၀ ပေသည် ကွန်ကရစ်လမ်းခင်းပြီး ကျန်ရှိသည့် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေအား ကွန်ကရစ်(သို့မဟုတ်) မြေနီကျောက်ချောလမ်းခင်းပေးစေလိုမှု၊ ကုက္ကိုခွအရှေ့၊ အနောက်ကျေးရွာ (၂)ရွာအား မြစိမ်းရောင်ချေးငွေထုတ်ချေးပေးစေလိုမှု၊ ကုက္ကိုခွကျေးရွာအုပ်စုရှိ သတိုးတန်းဆည်တူးဖော်ပေးစေလိုမှု၊ နွား၊ သိုး၊ ဆိတ် မွေးမြူရန် နိုင်ငံတော်မှ အရစ်ကျ(သို့)မွေးဘက်အဖြစ် ထောက်ပံ့ပေးစေလိုမှု၊ ဂျုတ်ကုန်းကျေးရွာအဝင်လမ်းပေ ၄၀၀၀ ခန့်အား ကွန်ကရစ်လမ်းခင်းပေးစေလိုမှုနှင့် လိုအပ်သောရေကျော်နေရာများအား ရေစီးရေလာကောင်းမွန်ရန် Box Culver ၄ စင်း တည်ဆောက်ပေးစေလိုမှု၊ ဂျုတ်ကုန်းကျေးရွာမီးလင်းရေးတွင် ယခုအသုံးပြုနေသော Sub meter များနေရာတွင် နိုင်ငံတော်မှ အိမ်သုံးမီတာများ ပြောင်းလဲတပ်ဆင်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တောင်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုက္ကိုခွအရှေ့၊ အနောက်ကျေးရွာ၊ ဂျုတ်ကုန်းကျေးရွာများအတွက် set top box တစ်စုံစီအား ကျေးရွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများအနက် အသက် (၇၅)နှစ်အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)