ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း မြိတ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအားတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေး

မြိတ် စက်တင်ဘာ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေနွေးခဲ့သည်။

တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက  မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအနေဖြင့်  ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆန္ဒရှင်စာရင်း ကြေညာဆောင်ရွက်ပြီး ပြည်သူများလာရောက်ကြည့်ရှုရန်အတွက် လှုံ့ဆော်ပေးရန်နှင့် တာဝန်ရှိသူများအားလုံးကလည်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် အဓိက အခြေခံတစ်ရပ်ဖြစ်သည့် မဲစာရင်းမှန်ကန်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း MEVM မဲပေးစက်များကို ရွေးကောက်ပွဲဆောင်ရွက်မည့်အပိုင်းအလိုက် မဲပေးစက်များကို ခရိုင်အလိုက် စနစ်တကျ ဆောင်ရွက်ထားရှိပြီးဖြစ်ကာ မဲပေးစက်ကိုင် နည်းပြသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထိန်လင်းဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖင့် တာဝန်ရှိသူများသည် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ(၂၉)ရက်၌ မဲဆန္ဒရှင်စာရင်းများကို ကြေညာရန် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏အမည်စာရင်းကို အဆင်ပြေစွာ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ကြရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)