မြို့သစ် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၈ နာရီအချိန်က ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၂၅ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၇၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ(၀ ဒသမ ၇ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ( ၅၆၀ ဒသမ ၉၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( ၀ ဒသမ ၄ ပေ) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ ဆည်အခြေအနေနှင့်ပတ်သက်၍သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပေါ်တင့်ထံက သိရသည်။
ဝင်းအိဇွန်