မိုးညို စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းလင်းထက်အောင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးဆောင်ရွက်မှုအခြေအနေများနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက ပညာရေးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်သွားမည့်အခြေအနေများအား ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ယုယုနိုင်နှင့် တာဝန်ရှိသူများက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများအား ရပ်ကွက်/ကျေးရွာအုပ်စုများသို့ဖြန့်ဝေပေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းကပ်ရမည့် နေ့ရက်၊ အချိန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအားရှင်းလင်းပြောကြား၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
မိုးညိုမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု (၄၂)အုပ်စုရှိပြီး မဲရုံပေါင်း(၁၃၅)ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ကျား - ၅၁၀၆၆ ဦး၊ မ - ၅၆၁၉၁ ဦး၊ စုစုပေါင်း ၁၀၇၂၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)