ပေါင်းတည်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပမည်

ပေါင်းတည် စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကို အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာ၌ နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)နှင့် လပြည့်ကျော် ၁ ရက်တို့တွင် ရပ်ကွက်အသီးသီး၊ လမ်းအသီး၌ ရောင်စုံမီးအလှများထွန်းညှိကာ မီးထွန်းပွဲတော်ကျင်းပကြပြီးရှေးဘဝက မိခင်ဖြစ်ခဲ့ဖူးသော မယ်တော်မိနတ်သားအား တရားရေအေးတိုက်ကျွေး၍ကျေးဇူးဆပ်ကာ တာဝတိံသာမှလူ့ပြည်သို့ ပြန်လည်ကြွချီလာသည့် ဗုဒ္ဓမြတ်စွာ ဘုရားအား ရည်စူး၍ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့ ညတွင်ဗုဒ္ဓဘာသာဝင်ပြည်သူများက မိမိတို့ နေအိမ်၊ ခြံဝင်းများနှင့် နေရာအနှံ့တွင် ဆီမီးများ၊ ဖယောင်းတိုင်များ ထွန်းညှိကာ ဗုဒ္ဓမြတ်စွာဘုရားအား ဆီးကြိုပူ‌ဇော်ခဲ့ကြသည့် အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဘာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံအတိုင်း အစဉ်အလာမပျက် မီးထွန်း ပူဇော်ပွဲကို ကျင်းပလေ့ရှိကြသည်။

ထိုသို့ဗုဒ္ဓဘုရားအား မီးထွန်းပူဇော်ခြင်းအပြင် ဝါလများတွင်ဝါဆိုပြီးကြသည့် သံဃာတော်များအား သီတင်းကျွတ်အခါသာမယတွင် ဆွမ်းဆန်စိမ်းနှင့်လှူဘွယ်ဝတ္ထုများ လောင်းလှူသည့် ဆွမ်းလောင်းပွဲများကျင်းပခြင်း၊ အလားတူဘိုးဘွားမိဘများနှင့် ဆရာသမားအကြီးအကဲများအား ပူဇော်ကန်တော့ပွဲများနှင့် နိဗ္ဗာန်ဈေး စတုဒီသာအလှူဒါနပွဲများဖြင့် နှစ်စဉ်မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ရွှေသား