ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့် သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူး ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်၊ မြို့မိမြို့ဖများနှင့်အတူ နှလုံးနှင့်သွေးကြောရောဂါ လာရောက်ပြသကြသည့် လူနာများအား လိုက်လံကြည့်ရှုကြပြီး အားပေးစကားများပြောကြားကာ ဆေးဝါးပြည့်စုံလုံလောက်စွာ ပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံပြသလာကြသည့် နှလုံးရောဂါလူနာ (၁၀၀၀) ဦးကျော်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်မိသားစုက နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၆)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ်မှ နှလုံးရောဂါလူနာပေါင်း (၁၀၀၀)ကျော်အား တပ်မတော်စစ်ဆေးရုံမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ပါမောက္ခ ဒေါက်တာနွယ်နွယ်ဦးဆောင်ပြီး နှလုံးရောဂါအထူးကုဆရာဝန်ကြီး (၃၃)ဦးက လာရောက်စမ်းသပ်ကုသပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)