ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံရှင်းလင်းမှာကြားခြင်းအခမ်းအနား ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားအား ယနေ့နံနက် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရပ်/ကျေးကော်မရှင် ဥပဒေ၊  နည်းဥပဒေများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သွားကြရန်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးသွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းဝင်းက မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ ပထမအကြိမ်မဲစာရင်းများထုတ်ပြန်ရာတွင် မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ပြီးစီးမှုနှင့် မဲပေးစက်များ စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး စသည့်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ​မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဦးအောင်မြတ်သူက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက ပထမအကြိမ် ကပ်ထားကြေငြာမည့်မဲစာရင်များအား ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ဥက္ကဋ္ဌများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း