ရေကြည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရေကြည် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ စိမ်းလဲ့ရေကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းက ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ရပ်/ကျေးအုပ်စု(၃၂)အုပ်စုများရှိ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အုပ်ချုပ်ရေးမှူးများအား မဲဆန္ဒရှင်ပုံစံ(၁)၊ ပုံစံ(၂)၊ ပုံစံ(၂-က)၊ ပုံစံ(၃)၊ ပုံစံ(၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-က)၊ပုံစံ(၄-ဂ)များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ရုံးတံဆိပ်တုံးများနှင့် ကြော်ငြာ သင်ပုန်းများ ဖြန့်ဝေခြင်းနှင့်မဲစာရင်းများကပ်ထား ကြော်ငြာချိန်၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံမြင့်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအားပြောကြားခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေမှူး ဒေါ်တင်တင်ဦးက မဲစာရင်းပုံစံများဖြန့်ဝေခြင်းနှင့် မဲစာရင်းများကပ်ထားချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)