မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ဆောင်နေမှုအားကြည့်ရှု

မြို့သစ် စက်တင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာအုပ်စု၊ ဝါးကြီးအိုင်ကျေးရွာ၊ “ရွှေစေတီ”ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်ပြုလုပ်ရာ၊ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေးခြင်းများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့သစ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိမှ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်အားပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ဖွဲ့စည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ် စာရင်းပြုစုပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တို့အား အသေးစိတ်ရှင်လင်းပြောကြားသည်။

ဆက်လက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးရာ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ ကိုယ်တိုင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကာ၊ မဲပေးစက် Printer မှထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများ သရုပ်ပြသဆောင်ရွက် ခဲ့ကြပြီး၊ မဲဆန္ဒရှင်ပြည်သူများမှသိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်ရွေးကောက်ပွဲ အရာရှိများမှ ပြန်လည်ရှင်းလင်းဖြေကြားဆောင်ရွက်ခဲ့သည်။

 မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်းအင်အား (၂၀ဝဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)