ချောင်းသာမြို့၌ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ချောင်းသာ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ခဲ့သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်း သင်ကြားပို့ချနေမှု  video clip အား ပြသခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးဝန်ကြီးမှ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသားများအတွက် အောင်လက်မှတ်များနှင့် သင်တန်းဆရာ(၃)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ရာ သင်တန်းသားများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ချောင်းသာဟိုတယ်ဇုန်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်စေရန်အတွက် လျှပ်စစ်ပစွည်း မှားယွင်းကိုင်တွယ်ခြင်းဖြင့် မလိုလာအပ်သောပြသနာများ မဖြစ်စေရန်နှင့် ဟိုတယ်ဝန်ထမ်းများအတွက် လျှပ်စစ်သွယ်တန်းနည်းပညာကို စနစ်တကျသင်ယူ တတ်မြောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ချောင်းသာမြို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန၏ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်ဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ချောင်းသာကမ်းခြေရှိ ဟိုတယ်တည်းခိုရိပ်သာများမှ သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်ဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဋ္ဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှသင်တန်းနည်းပြဆရာများက စက်တင်ဘာလ(၁)ရက်နေ့မှ (၂၆)ရက်အထိ (၄)ပတ်ကြာ သင်ကြားပို့ချ‌ပေးခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)