ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သို့ ထောက်ပံ့ပစ္စည်းပေးအပ်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်စာသင်ဆောင်ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှစစ်ဆေး

ဘိုကလေး စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ဒေသတွင်း လုံခြုံရေးအတွက် လမ်းညွှန်မှုများနှင့် အားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၂၅၀၀၀၀)ကျပ်၊ အဖွဲ့ဝင် (၅၀)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ဘဲဥ စသော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ သံကူကွန်ကရစ် လေးထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးနှင့် အဆောက်အဦးအား တာဝန်ယူဆောက်လုပ်နေသည့်ရာဇာမြင့် ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံတို့က တည်ဆောက်နေမှုအခြေအနေအရပ်ရပ်အား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ စာသင်ဆောင်ဆောက်လုပ်နေသည့်လုပ်ငန်းအား မြန်ဆန်စွာနှင့် အရည်အသွေးပြည့်ဝစွာ ဆောက်လုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည့် လမ်းညွှန်မှုများအား တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)