ပခုက္ကူ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိစေရေး စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးသူဝန်ထမ်းများအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အွန်လိုင်းမှတ်ပုံတင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် မူပိုင်ခွင့်ဥပဒေများ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများပြည့်မီရေးနှင့် ကုန်အညွှန်းအမှတ်အသားများဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ချီသော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တွေ့ကြုံနေရသည့်အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ရေးဆိုင်ရာအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)