ကျုံပျော် စက်တင်ဘာ ၂၈
ဒေသတွင်း စိမ်းလန်းသာယာစိုပြည်၍ သာယာလှပစေရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်စေရန်အတွက် ကျုံပျော်မြို့ သုံးမိုင်ပတ်လည်အတွင်း သစ်ပင် (၂၄၃၀)ပင် စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ အင်းရဲလမ်းဆုံနှင့် ရေကြည် - ကျုံပျော် ကားလမ်းနံဘေး မြို့အဝင်ဆိုင်းဘုတ်အနီးတို့တွင် ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖ ဦးသိန်းမြင့်ဆောင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သစ်ပင်စိုက်ပျိုးရန်တိုက်တွန်းချက်နှင့် အကျိုးကျေးဇူးများပါရှိသော မြေစိုက်ပိုစတာ ဆိုင်းဘုတ်နှစ်ချပ်အား စိုက်ထူကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
စိုက်ပျိုးခဲ့သည့် ပန်းအလှပင်၊ အရိပ်ရပင်၊ လေကာပင်များကို ကျုံပျော်မြို့ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဝေးပြေးလမ်း၊ မြို့တွင်းလမ်း၊ အခြေခံပညာကျောင်းများ၊ ပန်းခြံ၊ ဌာနဆိုင်ရာများနှင့် ဒါးကချောင်းနံဘေး ကမ်းထိန်းလေကာပင်များအဖြစ် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အပင်များ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရေးအတွက် မြို့သူမြို့သားများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာဆိုင်းဘုတ်များကို အများပြည်သူတွေ့မြင်နိုင်သည့် နေရာများတွင် စိုက်ထူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)