မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်မှ ပြည်ထောင်စုလမ်းအထိ လမ်းဘေးဝဲ/ယာရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ဆရာတော်/သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိ စေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းကို မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိအရှေ့ လယ်တီကျောင်းတိုက်ကြီးတွင် ကျင်းပရာ မုံရွာမြို့၊ အရှေ့လယ်တီကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တပုညသေဌ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ “စန်းမြရောင်ခြည်” ပရိယတ္တိစာသင်တိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပ ဓာန နာယက ဘဒ္ဒန္တနိပုဏ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ စန်းမြသီတာ သာသနာ့ရိပ်သာကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တဩဘာသာဘိဝံသဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)