သဲကုန်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈နာရီက သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါ ဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကုသပေးရာတွင် ပြည်မြို့ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးနှင့်အထူးကုဆရာဝန်ကြီးများ ဦးဆောင်၍ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုး၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ မျက်စိအထူးကု၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် ခွဲစိတ်ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့တို့က ပုတီးကုန်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အထွေထွေရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများပေးခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမင်းထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)