ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်းအခမ်းအနား ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က ရပ်ကွက်၊ ကျေးရွာပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်း၊ သရုပ်ပြခြင်းအစီအစဥ်များ၊ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမည့်အစီအစဥ်များ၊ ပထမအကြိမ်ကြေညာပြီးပါက ပြင်ဆင်ဖြည့်စွက်ရမည့် လုပ်ငန်းစဥ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများက ပထမအကြိမ်မဲစာရင်းကြေညာရန်အတွက် မဲစာရင်းများကို စစ်ဆေးကြသည်။ ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ မဲရုံ ၂၈ ရုံရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)