ကြံခင်းမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကြံခင်း စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် လပတ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အမှာ စကားပြောကြားရာတွင် မကြာမီရက်အတွင်း မဲစာရင်းများကို သက်ဆိုင်ရာနေရာများ၌ ကြေငြာပေးသွားမည်ဖြစ်တဲ့အတွက် ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအနေဖြင့် ကြီးကြပ်ပေးကြရန်၊ အမည်စာရင်းလာရောက်ကြည့်ရှုသူများအား အဆင်ပြေစေရန် မနက် (၈)နာရီမှ ညနေ (၄)နာရီအထိ ပြသထားမည်ဖြစ်သဖြင့် အမည်စာရင်းမပါသူများအား ပုံစံ (၃)ဖြင့် ပြန်လည်လျှောက်ထားရန်အတွက် လိုအပ်သောကူညီမှုများ ဆောင်ရွက်ပေးသွားရန်၊ ယခု ပွင့်လင်းရာသီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်ကြရန်နှင့် ရုံးဌာနများ၊ ရပ်ကွက်/ကျေးရွာတို့တွင် သန့်ရှင်းရေးဆောင်ရွက်သွားကြရန်၊ စားရေရိက္ခာဖူလုံစေရေး နေကြာ၊ ပဲပုတ်တို့ကို သက်မှတ်ဧကပြည့်မီအောင် စိုက်ပျိုးသွားရန် တောင်သူများအား တိုက်တွန်းပေးရန်လိုကြောင်း၊ ဆောင်းသီးနှံများကို ရာနှုန်းပြည့်မီအောင် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)