တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဆုငွေချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ် စက်တင်ဘာ ၂၇

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဆုငွေချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“ ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ပြီး  ထူးချွန်အောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ကျောင်းများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်နှစ်တိုင်းဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ၂ဝ၂၄ ခုနှစ်မှစတင်၍ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် (၂၄)ဦးနှင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆုရရှိခဲ့ကြသူ(၄)ဦးအတွက် တစ်ဦးလျှင် ရွှေငါးမူးသား ချီးမြှင့် ခဲ့ပြီး၊ ၂ဝ၂၅ ခုနှစ်တွင် (၆)ဘာသာဂုဏ်ထူးရှင်(၁ဝ)ဦးနှင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရရှိခဲ့ကြသူ(၆)ဦးအတွက် တစ်ဦးလျှင် ရွှေတစ်ကျပ်သားစီ ချီးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရေးဝန်ထမ်းသား၊ သမီးများမှ ရိုးရိုးအောင်မြင်လျှင် တစ်သိန်းကျပ်နှုန်း၊ တစ်ဘာသာဂုဏ်ထူးရရှိလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ချီးမြှင့်မည်ဖြင့်ရာ ရိုးရိုးအောင်မြင်သူ (၄၅၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ(၃၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၃၄)ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ(၁၈)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ (၇)ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ ခြောက်ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ ပညာရေးဝန်ထမ်း သား၊ သမီးစုစုပေါင်း( ၅၅၃ ) ဦးကို ဆုချီးမြှင့်ငွေ စုစုပေါင်း ( ၇၅.၃ဝဝ ) ကျပ်သန်း ချီးမြှင့်ပေးမည်ဖြစ်ပါကြောင်း၊  ယခုနှစ်တွင် ပညာရေးကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးတွင် ယခင်နှစ်များထက်မတူသည့် ဂုဏ်ပြုချီးမြှင့်ခြင်းများလည်း ရှိနေပြီဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော  ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ  မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ် (၃၅၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် ဝန်ထမ်းဦးရေအား ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ “နိုင်ငံတော်ဖွံဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ နှစ်စမှစ၍ နှစ်ဆုံးအထိ လုံ့လဝိရိယစိုက်ထုတ်၍ ကြိုးစားဆောင်ရွက်လျက်ရှိရာ ထူးချွန်ထက်မြတ်ပြီးအရည်အချင်းရှိသော လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း”အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လေးဘာသာဂုဏ်ထူးရှင်များနှင့် နှစ်ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကတစ်ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ တာဝန်ရှိသူများမှ ရိုးရိုးအောင်မြင်သူများအား လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)