သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်သူ/ထားဝယ်သားများ ဦးဆောင်ကျင်းပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်

ထားဝယ် စက်တင်ဘာ ၂၇

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံး ကျင်းပခဲ့သောပွဲတော်ဖြစ်သည်။ ထားဝယ်ဒေသတွင် မိုးရာသီကာလကုန်ပါက ထားဝယ်အစဉ်အလာအရ ဘာသာရေးပွဲတော်များ၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ သပိတ်မျှောပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များ စသည့်ရိုးရာပွဲတော်များ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွက် အောက်တိုဘာလ ၆ ရက်နေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ပင် ဖြစ်သည်။

သီတင်းကျွတ်ပွဲတော်ပေါ်ပေါက်လာပုံတွင် ဂေါတမမြတ်စွာဘုရားသည် မယ်တော်ဖြစ်ခဲ့ဖူးသူ အမိဂေါတမိ (သန္တုနတ်သား) အား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်တွင် မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာအပေါင်း တို့ကို တစ်နေ့နှင့်တစ်ရက် (လူ့သက်တမ်း၌ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာတရားတော်ကို နေ့ညမစဲတရားဒေသနာတော် ဟောတော်မူခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့သည်တ ရားစခန်းသိမ်းသောနေ့ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားဒေသနာတော်ကို ဟောကြားတော်မူခဲ့ပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုသို့ မြတ်စွာဘုရားရှင်နတ်ပြည်မှလူ့ပြည်သို့ ပြန်လည်ဆင်းသက်ကြွချီတော်မူသည့်အတွက် လူ့ပြည်မှမင်းနှင့်တကွ လူထုပရိသတ်အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြိုဆိုခဲ့ကြသည်။

ဘုရားရှင်ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာမီးထွန်းပွဲ ကျင်းပသောအစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကတည်းပင် ရှိခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ သီတင်းကျွတ်မီးထွန်း ပွဲတော်အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည်အဘိဓမ္မာ ခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟုသမုတ်ကာ အဘိဓမ္မာရွတ်ဖတ်သရဇ္ဇယ်ပူဇော်ပွဲများကို လည်းကျင်းပသည်။

ထို့အတူ ထားဝယ်မြို့တွင်သီတင်းကျွတ်လပြည့်နေ့တွင် မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွား၊ ဆရာသမားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာချစ်စရာ့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာသီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ ကလေးငယ်များကလည်း မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြသည်။

အချို့ရပ်ကွက်/ကျေးရွာများတွင် နိဗ္ဗာန်ဈေးများ ဖွင့်လှစ်ကာအယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းကြသည်။ သီတင်းကျွတ်အချိန်အခါသမယတွင် မြန်မာနိုင်ငံအနှံ့အပြားပွဲတော်များ ပြုလုပ်ကြလေ့ရှိသည်။ မိုးလေကင်းပြီး သီတင်းကျွတ်ပြီဆိုသည်နှင့် မြန်မာနိုင်ငံတွင်ဒေသအလိုက်ရိုးရာအစဉ်အလာပွဲတော်များ ကျင်းပကြမြဲဖြစ်သည်။ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သည် သီတင်းကျွတ်ကာလနှင့် ဆက်သောပွဲတော်လည်းဖြစ်သည်။ သီတင်းကျွတ်ကာလတွင် ရပ်ကွက်အလိုက် အိမ်နှင့်လမ်းများတွင် ရောင်စုံမီးများထွန်းညှိလျက်ရှိသည်။ ထားဝယ်ဒေသခံများက ဆိုင်ကယ်၊ ကား၊ စက်ဘီးများဖြင့် မြို့အနှံ့လျှောက်လည်ကြသည်။ သီတင်းကျွတ်ကာလနှင့်အတူတနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ်လရောက်တိုင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီးသပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိသည်။

သပိတ်မျှော ပွဲတော်ကို ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်မှာ တစ်မူထူးခြားသည့် ပွဲတော်တစ်ခု ပင်ဖြစ်သည်။ သပိတ်အိုးထဲတွင် ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားသည်။ ၂၀၂၅ ခုနှစ်၊ ယခုနှစ်တွင် ထားဝယ်မြို့သူမြို့သားများသည် ပြင်ဆင်ထားသည့် သပိတ်အိုး ကြီးများဖြင့်ရပ်ကွက်အလိုက်မြို့တွင်း လှည့်လည်အလှူခံထွက်ခဲ့ကြသည်။ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် အသင့်ယူဆောင်လာသော သပိတ်အိုးကြီးများကို မီးပွင့်လေးတွေနှင့်အတူ သတ်မှတ်ထားသော နေရာများတွင် ထားဝယ်မြစ်ချောင်းအတွင်းသို့ ရေမျှောကုသိုလ်ပြုကြမည်ဖြစ်သည်။

သပိတ်မျှောမည့်သူများအနေဖြင့်လည်း သပိတ်များကိုကိုယ်စီကိုင်ကာ တိုးဝှေ့သွားရန် မလိုဘဲ စည်းကမ်းရှိစွာ သွားလာနိုင်ပြီး ဝါးရာဇမတ်ကာထားသည့် ဝင်္ကဘာပတ်လမ်းကတစ်ဆင့် မြစ်ကမ်းနဘေးတွင် စနစ်တကျသပိတ်မျှောကြခြင်း ဖြစ်သည်။

ဝင်္ကဘာဟူသည် အကွေ့အကောက်ပေါင်းများစွာနှင့် ရာဇမတ်ကာသဲဖြူခင်း၍ အလယ်ဗဟိုတွင် ဘုရား သို့မဟုတ် အရှင်ဥပဂုတ္တအရှင်မြတ်ထား၍ ပူဇော်ကြခြင်းပင်ဖြစ်ပါသည်။ ထားဝယ်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရ ဝါတွင်းကာလ ဥပုတ်နေ့အခါကြီးရက်ကြီးများ ရှင်မလဲဇာတ်တော်ရွတ်ဖတ်ခြင်း (ထားဝယ်အခေါ်) စာတွဲဖတ်ခြင်းတို့ကိုပြုလုပ်၍ တော်သလင်းလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ တစ်လတာအတောအတွင်းအရှင် ဥပဂုတ္တအရှင်မြတ်အားပူဇော်လေ့ ရှိပါသည်။ ဝါတွင်းကာလ၏ နောက်ဆုံးရက်များဖြစ်ကြသောသီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့အထိ ၃ ရက်ကို သီးတင်းကျွတ်ဆီမီးပူဇော်ကာလ ထားဝယ်အခေါ် (ဒန်းကျွတ်၊ ဝါကျွတ်) ကာလဟု ခေါ်ဆိုကျင်းပလေ့ရှိပါသည်။ တစ်လလောက်ကြာအောင် ပူဇော်ကိုးကွယ်ခဲ့သော ရှင်ဥပဂုတ္တ အားရေမမျှော်ခင်ရာဇမတ်ကာရံ၍ ဘုရားစေတီများအရှေ့တွင် ရှင်မလဲဖတ်ပွဲ (စာတွဲဖတ်ပွဲ) ရဲ့ အဓိကဇာတ်တော်တစ်ခုဖြစ်သော ဝေဿန္တရာဇာတ်တော်အလာ ဝင်္ကဘာတောင် ကိုအစွဲပြု၍ ရာဇမတ် ကာသဲဖြူခင်း၍ရှင်ဥပဂုတ္တ ကျောင်းဆောင်ကို အလယ်မှာထားပြီး ရာဇာမတ်များကို ပတ်လမ်းဖြင့် လမ်းမှန်၊ လမ်းမှားများပြုလုပ်ပြီးလျှင် ဝင်ရောက်ဖူးမျှော်စေသောပွဲတော်ကိုကျင်းပခဲ့ကြသည်။ ထိုပွဲကို ဝင်္ကဘာပွဲ ဟုခေါ်ဆိုကြပါသည်။

သီးတင်းကျွတ်ဆီမီးထွန်းပွဲတော်ကို သုံးရက်သုံးညပူဇော်ကြပြီး သီတင်းကျွတ်လဆန်း (၁၃) ရက်နေ့ညမှာ ပွဲတော်သို့လာရောက်သူတိုင်း အခမဲ့စားသုံးနိုင်သော နိဗ္ဗာန်ဈေးပွဲတော်ကျင်းပခြင်းနှင့် (၁၄) ရက်နေ့ မွန်းလွဲပိုင်းတွင် အရှင်ဥပဂုတ္တအရှင်မြတ်ကို သင်္ကန်းပရိက္ခရာအစုံထည့်၍ ဖောင်ဖြင့်ထားဝယ်မြစ်ထဲ မျှောလေ့ရှိကြသည်။ ညပိုင်းတွင် နိဗ္ဗာန်ဈေးပွဲတော်နှင့်ဝင်္ကဘာအတွင်း ကျန်ရှိနေသောဘုရားအား ဆီမီးပူဇော်ခဲ့ကြသည်။ လပြည့်နေ့ မနက်အာရုံတက်ချိန် တစ်လပတ်လုံး အရှင်ဥပဂုတ္တအရှင်မြတ်အား ဆွမ်းကပ်ပူဇော်နေကြသော ရပ်ကွက်/ကျေးရွာဒေသနေ ထားဝယ်တိုင်းရင်းသားတို့မှ အရှင်ဥပဂုတ္တအရှင်မြတ်အား သတိတရဖြင့် ရှင်ဥပဂုတ္တမျှောခဲ့သောနေရာသို့ သွားကြ၍ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး မုန့်ပဲသရေစာတို့ကိုသပိတ်ထဲထည့်ကာ ရေမျှောပြီး အာရုံဆွမ်း ကပ်လှူပူဇော်လေ့ရှိကြသည်။ ထားဝယ်ရိုးရာသပိတ် မျှောပွဲ၏ မူလအစဟု သိရသည်။

သပိတ်မျှောပွဲကို သာယာဝတီမင်းဟုခေါ်သော ထားဝယ်မင်းများ လက်ထက်မှစ၍ လက်ရှိထားဝယ်မြို့၏ နှစ်စဉ်နှစ်တိုင်း ပူဇော်ကျင်းပလာခဲ့ကြသည့် အစဉ်အလာရိုးရာပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ ဤသည်ကို အကြောင်းပြု၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် ယနေ့တိုင်အလှူမင်္ဂလာပွဲများ ပြုလုပ်သည့် အခါတိုင်း မိုးရွာခြင်းမှ တားဆီးကာကွယ်ပေးရန် ရည်သန်၍ အရှင်ဥပဂုတ္တအရှင်မြတ်ကို ပင့်ဖိတ်ပူဇော်ပွဲ ကျင်းပလေ့ရှိကြသည်။

ဆွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်များကို သပိတ်တွင်ထည့်၍ ဆက်ကပ်ကာ ရေတွင်မျှော လိုက်ပြီး ရှိခိုးပူဇော်၍ ဆုတောင်းလေ့လည်းရှိသည်။ အချို့သူများက မိမိအိမ်၊ မိမိရပ်ရွာဒေသတွင် ယာယီကျောင်းဆောင် ဆောက်လုပ်၍ ပင့်ဖိတ်ပြီး ပူဇော်ဆုတောင်းလေ့ ရှိကြသည်။

ထားဝယ်ဒေသရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် သံဃာတော်ဖြစ်သော ရဟန္တာမြတ်တစ်ပါးဖြစ်သည့် ဥပဂုတ္တအရှင်သူမြတ်အား ဆွမ်း၊ မုန်းပဲသရေစာ၊ သစ်သီး၊ ဆီမီး၊ အမွှေးတိုင်၊ တံခွန်ကုက္ကား၊ ပန်း စသည်များကို သပိတ်တွင်ထည့်၍ ရည်မှန်း ဆက်ကပ်ပူဇော်လေ့ရှိသည်။ ယင်းသပိတ်တော်ကို ပင်လယ်ထဲသို့မျှော၍ ပူဇော်လေ့ရှိသည်။ ဆွမ်းသွပ်ပြီးသား သပိတ်များကို မဏ္ဍပ်ထိုးကာ ခုံတန်းရှည်ပေါ်တင်ထားပြီး ပြည်သူများကုသိုလ်ယူနိုင်ရန် အဆင်သင့်ထားရှိပေးထားသည်။ ဤသည်မှာရှေးအစဉ်ကတည်းကစပြီး နှစ်စဉ်ကျင်းပလာ၍ အစဉ်အလာတစ်ရပ်အနေဖြင့် ထူးခြားစွာ ရှိနေခြင်း ပင်ဖြစ်သည်။

ထားဝယ်ဒေသတွင် အလှူ၊ မင်္ဂလာ၊ အခမ်းအနားပွဲများ ပြုလုပ်ရာတွင် မိုးရွာ ချသည့်အခါနှင့်လည်း ကြုံကြိုက်တတ်သည်။ ကျင်းပသည့်ပွဲကို အဖျက်လုပ်ငန်းသဖွယ်ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယင်းသို့ဖြစ်ပေါ်လာလျှင် အရှင်ဥပဂုတ္တရဟန္တာမြတ်က ကာကွယ်တားဆီးပေးနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ထိုသို့ယုံကြည်သည့်အတိုင်း မိုးရွာခြင်းမှ တားဆီးကာကွယ်ပေးရန် ရည်သန်၍ အရှင်မြတ်အား ပင့်ဖိတ်ပြီး ပူဇော်ပွဲကျင်းပသည့်သဘောလည်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်ဟူသမျှသည် အလှူ၊ မင်္ဂလာပွဲများ၊ အခမ်းအနားများ ပြုလုပ်သည့်အခါ လေပြင်းမုန်တိုင်း ကျရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ် လာပါက မာရဒေဝဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ယူဆကြလေ့ရှိပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက အရှင်ဥပဂုတ္တ မထေရ်မြတ် အား ရည်စူး၍ ရှိခိုးပူဇော်ခြင်းများပြုလေ့ရှိကြသည်။

ထို့အပြင် ကြည်ညိုသဒ္ဓါပွားများခြင်းကြောင့် အရှင်ဥပဂုတ္တအား ရည်စူး၍ ရှိခိုးပူဇော်ပြီး ဆွမ်းတော်ကပ်လှူလေ့ လည်း ရှိကြသည်။ ဆွမ်းတော်ကပ်လှူရာတွင် အထူးသဖြင့် သက်သတ်လွတ် လှူဒါန်းလေ့ရှိကြသည်။ ဆွမ်း၊ သစ်သီး၊ ဆီမီး စသည်များကို သပိတ်တွင်း ထည့်၍ လှူဒါန်းကြသည်။

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး ထားဝယ်သူ/ထားဝယ်သားများက သပိတ်မျှောပွဲလာရောက်ကြည့်ရှုသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအကြီး/အငယ်လွှတ်တင်ခြင်း၊ တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှု အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူလူထုများက လာရောက်ကြည့််ရှုအားပေးကြပြီး ညလုံးပေါက် စည်ကားလျက်ရှိသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီမီးများထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာ ပေါများတိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာ ကံကြမ္မာ အပေါင်း ကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့်ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သပိတ်မျှောပွဲတော်ကိုနှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် ညီညီညာညာသပိတ်မျှော ကုသိုလ်ယူလျက်ရှိသည်။ နံနက်အာရုံအတွက် ပြင်ဆင်မှုများနှင့် အတူဖျော်ဖြေရေးအစီအစဉ်များဖြင့် ညလုံးပေါက်စည်ကားသည့်အတွက် “ထားဝယ်မအိပ်သည့်ည” ဟုပင် တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့များမှာ များစွာရှိသည့်အနက် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။ ယခင်နှစ်များက ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်ပေးခဲ့ပြီးယခုအခါတွင်ထားဝယ်ဒေသ၏ ရိုးရာပွဲတော်ဖြစ်သောကြောင့် ထားဝယ်သူ/ထားဝယ်သားများ ဦးဆောင်ပြုလုပ်သောပွဲတော်ဖြစ်သည်။ ထိုရိုးရာယဉ်ကျေးမှုဓလေ့မှသည် ထားဝယ်ဒေသ အပါအဝင် မြန်မာပြည်တဝှမ်း သာသနာငါးထောင်ပတ်လုံးတည်မြဲစေရန် ရည်စူးပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေ စပါးစီးပွားဥစ္စာ ပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။

ငွေဇင်ယော်(ထားဝယ်)