မြိတ် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော မြိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂ဝ၂၅)ကို ယမန်နေ့က သင်တန်းဆင်းပွဲ ကျင်းပသည်။
သင်တန်းတွင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး၊ နည်းပညာမြင့် မီးငြှိမ်းသတ်ရေး ဘာသာရပ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရနှင့် ကြိုတင်သတိပေးခြင်း၊ ရှေးဦးပြုစုခြင်းဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား (၁၀၀)ဦး တက်ရောက်ခဲ့ကြ၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းအေးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းတစ်လျှောက် အကောင်းဆုံးဆု၊ မီးငြှိမ်းသတ်ရေးပညာတွင် အကောင်းဆုံးဆု၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်တွင် အကောင်းဆုံးဆုရရှိသော သင်တန်းသားများနှင့် သင်တန်း ဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သိရှိနားလည်ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ စနစ်တကျ လုပ်ငန်းကျွမ်းကျင်စွာ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)