မြိတ် စက်တင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း မြို့နယ်၊ ရပ်ကွက်/ကျေးရွာက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အမှန်တကယ်သိရှိနားလည်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ပြီး ခရိုင်နှင့်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှလည်း စနစ်တကျကြီးကြပ်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း MEVM မဲပေးစက်များကို စနစ်တကျစုဖွဲ့ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆောင်ရွက်မည့်အပိုင်းအလိုက် မဲပေးစက်များကို ခရိုင်အလိုက် စနစ်တကျဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး မြိတ်ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှိုင်ဘွားက ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ရပ်ကွက်/ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်း ကြေညာမည့်ပုံစံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)