တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) အားကစားအဖွဲ့နှင့် အမျိုးသမီးဘောလုံးအားကစားအဖွဲ့အားတွေ့ဆုံ

ထားဝယ် စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် တိုင်းဒေသကြီး အမျိုး သမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) အားကစားအဖွဲ့နှင့် အမျိုးသမီးဘောလုံးအားကစားအဖွဲ့အားတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အားကစားအဖွဲ့များက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပြီး အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အားကစားသမားများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုယှဉ်ပြိုင်ရမှာဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း၊ အားကစားသမားများတွင် ခံနိုင်ရည်(သက်လုံ/ဇွဲ)၊ ကြံ့ခိုင်မှု၊ ခွန်အား၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ရှိရမည်ဖြစ် ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ဓာတ်ကြံခိုင်မှု၊ သည်းခံနိုင်မှု၊ စုပေါင်းစိတ်ဓာတ် ထားရှိမှု၊မှန်ကန်သောဆုံးဖြတ် ချက်များစသည့် အခြေခံကောင်းများကို အစွမ်းကုန်ဖော်ထုတ်ပြရင်း ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာရေးကို အလေးထား ဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်ပြီး အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနေထိုင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး က အမျိုးသမီးဘောလုံး အားကစားအဖွဲ့အား ပြိုင်ပွဲဝင်ဝတ်စုံနှင့် ချီးမြှင့်ငွေ (၉)သိန်းကျပ် ပေးအပ်ကာ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ချီးမြှင့်ငွေ(၁၀)သိန်းကျပ် ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) အားကစားအဖွဲ့အား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ပြိုင်ပွဲဝင်ဝတ်စုံပေးအပ်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ချီးမြှင့်ငွေ(၇)သိန်းကျပ် ပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက  အားကစားသမားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)