ပေါင်းတည်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးလျက်ရှိ

ပေါင်းတည် စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်က ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၂ ကျောင်းအပါအဝင် အခြေခံပညာမူလတန်း‌‌၊ အလယ်တန်းနှင့် မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ်က(HPV)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည်(HPV)ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus)ဟုခေါ်သည့် (HPV)ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းကို အသိပညာ‌ပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုနေ့က အခြေခံပညာကျောင်း ၁၁ ကျောင်းရှိ အသက် ၉နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ ၈၄ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် အသက်(၅)နှစ်မှ(၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံဆောင်ရွက်နိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ရွှေသား (IPRD)