လက်ပံတန်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေးများထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၁၀ နာရီက အထက(၃)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း၏ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HVP)နှင့် အသက် ၅ နှစ်မှ ၇ နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့ကြက်ညှာကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက တက်ရောက်အားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ လက်ပံတန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း(၂၀၇)ကျောင်းမှ အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရည်မှန်းဦးရေ ၁၄၀၀ နှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေး ရည်မှန်းဦးရေ ၂၇၁၇ ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)