ဖြူး စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မြို့မရဲစခန်းမှ အောက်တိုဘာလ (၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့ပေါ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကွမ်း၊ ဆေးလိပ်ကအစ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် Online ငွေကြေးလိမ်လည်မှုအကြောင်း အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့မ(၂)မူလွန်ကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောရာတွင် ဖြူးမြို့မရဲစခန်းမှ ဒုတိယရဲမှူးအောင်လင်းက မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း၊ ဒုတိယရဲအုပ်ကျော်ကျော်လှိုင်က Online ငွေကြေးလိမ်လည်မှုဖြစ်စဉ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေး Video Clip နှင့် ငွေကြေးလိမ်လည်မှုကိုပြန်လည်တုံ့ပြန်သည့် Video Clip များကို ဆင့်ပွားအသိပညာပေး အစီအစဉ်တစ်ရပ်အနေဖြင့် ပြသရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)