ရွှေဘို အ.ထ.က(၁)၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခွေးရူးရောဂါကာကွယ်တာဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွေးထွေးမွန်က ခွေးရူးပြန်ရောဂါဗိုင်းရပ်ကြောင့်ဖြစ်သော အသက်ဆုံးစေနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ခွေး ၊ကြောင် ၊မြွေပါ ၊ခွေးအနှင့်မြေခွေးတို့တွင် ကူးစက်ဖြစ်ပွားတက်သော ရောဂါတစ်မျိုးဖြစ်ပြီး အများအားဖြင့် တံတွေးမှတဆင့် ကူးစက်တက်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်နိုင်ရန် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွှေဘို့မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မော်မြင့်ဦးက ခွေးရူးရောဂါကူးစက်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသောသူများ၊ ခွေးမှာ ခွေးရူးရောဂါဖြစ်နေကြောင်း ဘယ်လိုခွဲခြားနိုင်မလဲ ၊လူတွင် ခွေးရူးပြန်ရောဂါလက္ခဏာများမှာဘာတွေလဲ၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ လူတွင် ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများ၊ မိမိ၏ အိမ်မွေး ခွေး/ကြောင်ကို ခွေးရူးရောဂါမှ ဘယ်လိုကာကွယ်မလဲနှင့် သတိပြုလိုက်နာရမည့်အချက်များကို ကျောင်းသား/သူ များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

​အေးမြင့်စန်း(ပြန်/ဆက်)