ဘားအံ စက်တင်ဘာ ၂၆
ကရင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန သွေးလှူဘဏ်၌ ကျင်းပသည်။
ထိုစုပေါင်းသွေးလှူဒါန်းပွဲသို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် (၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ် (၃၁) မူးယစ်ရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း ၁၁၀ ဦး စုပေါင်းသွေးလှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အေးသိန်းနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေမှု၊ သွေးလှူဒါန်းရန် ကိုက်ညီသူများက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် သွေးသန့်များဖောက် ထုတ်လှူဒါန်းပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တပ်ဖွဲ့ဝင်၊ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ အားပေးစကားများပြောကြားကာ အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန သွေးလှူဘဏ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ လှူဒါန်းသော သွေးသန့်များ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်တို့၏ သွေးလှူဘဏ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ ဒေသတွင်းပိုမိုဝင်ရောက်ရင်းနှီးမြှုပ်နှံလာစေရန် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန် ဖိတ်ခေါ်ကြိုဆိုလျက်ရှိရာ လုပ်ငန်းသစ်ထူထောင်မှုများ အဆင်ပြေစေရန်နှင့် ယခင်ခွင့်ပြုတည်ထောင်ထားပြီးဖြစ်သော လုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များကူညီပံ့ပိုးပေးစေလိုကြောင်း၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတို့၏လူနေမှုဘဝမြင့်မားရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ပေါက်တည်တံ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ကြား၊ ပိုင်ရမ်းလမ်း တွင် အဆင့်မြင့်ဟိုတယ်နှင့်အပန်းဖြေစခန်းလုပ်ငန်းဆောင်ရွက်နေသော Northern Light (Hpa-An)Ltd က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဒုတိယအကြိမ်တည်ဆောက်ရေးကာလအား ထပ်မံတိုးမြှင့်ခွင့်ပြုရန်ကိစ္စ၊ ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် ဘားအံစက်မှုဇုန်တွင် မော်တော်ယာဉ် (၂-ဘီးဆိုင်ကယ်၊ ၃-ဘီးစက်တပ်ယာဉ်နှင့်ကား) တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Precision Auto Engineering Co.,Ltd က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏အမည်ပြောင်းလဲခွင့်နှင့် မတည်ရင်းနှီးငွေတိုးမြှင့်ခွင့်ပြုရန်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းတိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်နိုင်မှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံလျာထားမျှော်မှန်းချက်များအား ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံပညာရေးဒီဂရီကောလိပ်၊ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ၏ ညစာစားပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်၍ အတူတကွ ညစာသုံးဆောင်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက (၄) နှစ် သင်ဘားအံပညာရေးဒီဂရီကောလိပ်၏ ပထမဦးဆုံးသော ပညာရေးဘွဲ့ကို လက်ခံရရှိမည့်သူများဖြစ်ပြီး နောင်လာမည့်ဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ ကျောင်းသူများကို ရှေ့ဆောင်ရှေ့ရွက်ပြုကြရမည့်သူများဖြစ်သည့်အတွက် ထူးချွန်သော ဆရာ၊ ဆရာမများအဖြစ် မိဘ၊ ရပ်ရွာများတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ နောင်ကာလများတွင် ကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲ၊ တွေ့ဆုံပွဲ၊ မိတ်ဆုံစားပွဲ စသည့်ပွဲများကို ဆင်နွှဲရင်း အဆက်အသွယ်မပြတ်ကြပဲ ပညာရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ညစာစားပွဲအတွက် ငွေကျပ် (၁၈)သိန်း (၃) သောင်းကျပ်နှင့် ကျောင်းအုပ်ဆရာမကြီးနှင့် နောက်ဆုံးနှစ်ကျောင်းသား၊ကျောင်းသူများထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်အတူ အတူတကွ ညစာသုံးခဲ့ကြပြီး ထိုသို့ ညစာသုံးဆောင်နေစဉ်အတွင်း ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ အေးချမ်းပျော်ရွှင်စွာ ညစာစားပွဲအား အတူတကွ ဆင်နွှဲခဲ့ကြကာ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)