ပဲခူး စက်တင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးက ခွေးရူးရောဂါသည် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies virus) ကူးစက်ခြင်းကြောင့် ဖြစ်သောကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့် လင်းနို့များမှ တစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်များကိုက်ခံရခြင်း (သို့မဟုတ်) ကုတ်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင် ခြေများကြောင်း၊ ခွေးကြောင်များကို အသိရှိရှိဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့်မိသားစုကိုသာမက လူအဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံရန်လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါနှင့် ပတ်သက်သောအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)