ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး

ငဖဲ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၉ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ  မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အပြီးသတ်ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီစိုက်ပျိုးနိုင်ပြီး တောင်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ်မိုးသီးနှံချေးငွေ အရင်း၊ အတိုး ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ခင်စိုးရီက ပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံများအဖြစ် စပါး ၃၄၄၂ ဧကနှင့်အခြားသီးနှံ ၄၄၆၇  ဧက စုစုပေါင်း  ၇၉၀၉  ဧက စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေကျပ်သိန်းပေါင်း ၉၇၀၀ အား ထုတ်ချေးပေးရန်လျာထားပြီး ယနေ့ထိ စပါးသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ စိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ  တောင်သူ ၁၈၀၈ ဦး၏ စပါးသီးနှံစိုက်ဧက ၃၄၄၂   ဧက၊ နှမ်း ၄၄၂၉ ဧက  ပဲတီစိမ်းသီးနှံစိုက် ၄  ဧကနှင့် မတ်ပဲ ၃၄ ဧက၊ စုစုပေါင်း သီးနှံစိုက်ဧက ၇၉၀၉  ဧကတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေများ အပြီးသတ်ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)