ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် "အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ခေတ်မီစံပြကျေးရွာ(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth) အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်လာစေရန်အတွက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ကျေးရွာဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးနှင့် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များ၊ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ကာကွယ်ကုသရေးဆိုင်ရာနည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက အသိပညာပေး ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )