တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်

ထားဝယ် စက်တင်ဘာ ၂၆

အောက်တိုဘာလ(၁)ရက်နေ့တွင်ရောက်ရှိမည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှဦးဆောင်၍စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၌ကျင်းပခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများက တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုအားကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

သွေးလှူဒါန်းရာတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်ထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) တွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှသွေး လိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်ထွန်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းနှင့်အဖွဲ့များက တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား တစ်ဦးချင်းအာဟာရဖြည့် စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)