ကော့သောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဆင်းပွဲ ကျင်းပ

ကော့သောင်း စက်တင်ဘာ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သောအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် ၉ နာရီခန့်က ကော့သောင်းမြို့၊ ခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီဌာနမှ ဦးစီးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အရန်မီးသတ်တပ်ဖွဲ့ဝင်ဆိုသည်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာစသည့် နာ(၅)နာ အရင်းခံပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်သွားကြရန်၊ တပ်ဖွဲ့၏ဆောင်ပုဒ်ဖြစ်တဲ့ သတိ၊ သစ္စာ၊ သတ္တိနှင့်အညီ သက်စွန့်ဆံဖျား ဆောင်ရွက်သွားကြရန်၊ သဘာဝဘေးအန္တရာယ်များ၊ လူမှုဘေးဒုက္ခများကို ခေတ်မီနည်းစနစ်များ၊ ခေတ်မီအထောက်အကူပြုစက်ကိရိယာများဖြင့် ကူညီဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကို ကျေကျေပွန်ပွန် ဆက်လက်ထမ်းရွက်ပေးကြရန်၊ နိုင်ငံတော်အေးချမ်းသာယာရေး၏ အရန်အင်အားအဖြစ် အမျိုးသားရေးတာဝန်တွေကို ကျေကျေပွန်ပွန်ဆက်လက်ထမ်းရွက်ပေးကြရန်၊နိုင်ငံတော်မှ တည်ဆောက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးအခြေခံကောင်းတွေကို မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမရှိအောင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် သင်တန်းက သင်ကြားပေးလိုက်သည့် သင်ခန်းစာတွေကိုလည်း စိတ်ဝင်တစား လေ့လာသင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ကြပြီး မီးသတ်သမားတ်စယောက်၏ စိတ်ဓာတ် ဖြစ်သည့် မီးမလောင်စေချင်သည့်စိတ်၊ လောင်နေသည့်မီးကို အမြန်ငြိမ်းစေလိုသည့် စိတ်ကိုအစဉ် မွေးမြူကြပြီး လိုက်နာကျင့်သုံးကြပါရန်” အမှာစကားပြောကြားသည်။

ယင်းနောက် အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) မှ ဆုရရှိ‌သော သင်တန်းသားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ဆုချီးမြှင့်ခဲ့သည်။ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူးဦးမျိုးသူရဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအသီးသီးမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို စက်တင်ဘာလ (၁ )ရက်နေ့မှ( ၂၆) ရက်နေ့ထိ (၄)ပတ်တာ သင်တန်းပို့ချခဲ့ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)