ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

ပခုက္ကူ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ တိုက်ဆိုင်စိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများအား စိစစ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်(ဌာနဆိုင်ရာ)များက လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်းလွှာများနှင့်အတူ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)