မင်းဘူး စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကထိန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က စုပေါင်းမဟာဘုံကထိန်ပွဲသည် နှစ်စဉ်ကျင်းပလာခဲ့သည့် ဘာသာရေးပွဲတစ်ခုဖြစ်ကြောင်း၊ ယခင်နှစ်များက ပဒေသာပင်များ လှည့်လည်နိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် ကထိန်ပွဲတော်အတွက် ပဒေသာပင်လှည့်လည်ခြင်းကို ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာပွဲတော်ဖြစ်သည့်အတွက် ပွဲတော်ကျင်းပရေး ကော်မတီဝင်များက မေတ္တာထား၍ဆောင်ရွက်ကြပြီး လိုအပ်ချက်များရှိပါက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကြိုဆိုနေရာချထားရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် အတွင်းရေးမှူး ဦးရာဇာကိုကိုတို့က ဆရာတော်သံဃာတော်များ ပင့်ဆောင်ရေးနှင့်၊ အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပဒေသာပင်ရရှိမှုအခြေနေတို့ကိုလည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်နှင့် အတွင်းရေးမှူး ဦးအောင်မြင်တို့က ကထိန်ပွဲတော်ကျင်းပခြင်းနှင့် စီတန်းလှည့်လည်ခြင်းအခြေအနေတို့ကိုလည်းကောင်း၊ ကျန်ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်သော ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီနှင့် ကျန်းမာရေးကော်မတီတို့က ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရမည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ဆပ်ကော်မတီအဖွဲ့ဝင်များ၏ တင်ပြချက်များနှင့်ပတ်သက်၍ ကထိန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ဦးအေးလွင်က ကော်မတီဝင်များအား မိမိတို့၏ ကျရာအခန်းကဏ္ဍအလိုက် စနစ်တကျစီစဉ်၍ ကထိန်ပွဲအစမှ ပြီးဆုံးသည်အထိ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)